ကုန်းဇောင်းသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းခြေနှင့်သုံးမိုင်ခန့်ကွာဝေး၍ အနောက်ရိုးမတောင်စွယ်မှ စီးဆင်းလာသော မုန်းချောင်း၏ မြောက်ဘက်ကမ်းခြေတစ်မိုင်ခန့် အကွာတွင်တည်ရှိသည်။ ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်ကကုန်းဇောင်းသည် သူနာပရန္တတိုင်းဟု အမည်သညာ သက်မှတ်ခဲ့၍ ယခုလက်ရှိတွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင်ရှိသော နယ်မြေဖြစ်သည်။
ကုန်းဇောင်းသမိုင်းနှင့် မြစေတီဘုရားတို့သည် ရိုးတံတစ်ခုမှ ထွက်ပေါ်လာသော နှစ်လွှာပေါင်းမှ တစ်ရွက်မည်သော စွယ်တော်ရွက်ပမာသာတည်း။ပုဂံရာဇဝင်တွင် ကုန်းဇောင်းမြစေတီဘုရားကို အလောင်းစည်သူမင်း တည်ဆောက်လှူဒါန်းခဲ့ပါသည်။ဘုရားတည်ပြီး ဖြစ်သော်လဲ ကုန်းဇောင်းရွာသည် မတည်ရသေးပေ။
ပုဂံမင်းများသည် ရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြော်လှူဒါန်းလေ့ရှိကြသည်။သက္ကရာဇ် ၃၂၇ ခုနှစ်တွင် ကွန်းဆော်ကြောင်ဖြူမင်းသည် လည်းကောင်း၊ သက္ကရာဇ် ၃၈၀ ခုနှစ်တွင် အနော်ရထာမင်းသည် လည်းကောင်း၊ သက္ကရာဇ် ၄၃၀ခုနှစ်တွင် ကျန်စစ်သားမင်းသည်လည်းကောင်း ဖူးမြော်ရောက်ရှိခဲ့ပြီး အလောင်းစည်သူမင်းသည်လည်း ပုဂံတို့၏ အစဉ်အလာကို ဆက်ခံသောအနေနှင့် ရွှေစက်တော်ဘုရားသို့ ဖောင်တော်နှင့် လာရောက်ဖူးမြော်ရုံတင်မက ရွှေစက်တော် အနောက်ဘက်ရှိ ရခိုင်ရိုးမနှင့် ကပ်လျက်တည်ရှိသော ရွာများကိုလည်း ခရီးလှည့်လည်ခဲ့သည်။ ဖားအိုင်၊ ပန်းတိမ်း၊ငဖဲ၊ စေတုတ္တရာတို့သည် ချင်းလူမျိုး အမြောက်အများနေထိုင်ရာ ရွာများဖြစ်သည်။
ထိုရွာများအနက် ဖားအိုင်ရွာသည် စီးပွားရေးအခြေအနေကောင်း၍ ဖားအိုင်ရွာသူကြီးမှာ မင်းရေးမင်းရာ ဝင်ဆံသူ တစ်ဦးဖြစ်သည်။ ထိုရွာသူကြီး၌ ချောမောလှပသော သမီးပျို မဝါဘောက် ရှိသည်။အလောင်းစည်သူမင်းလည်း ချင်းတောသူ မဝါဘောက်အား နှစ်သက်မြတ်နိုးသဖြင့် ကောက်ယူကာ အနောက်နန်းမိဖုရားအရာ၌ ပေးသမားခဲ့သည်။ချင်းပျိုဖြူအား မိဖုရားတင်မြှောက်မှုကို ချင်းလူထုက ကျေနပ်နှစ်သက်ခြင်းမရှိသကဲ့သို့ ပုဂံနေပြည်တော်မှ အတူပါလာသော မိဖုရား မောင်းမမိသာံများကလည်း မရှူစိမ့်ဖြစ်ခဲ့သည်။ သို့သော် ဘုရင်ကနှစ်သက်ခင်တွယ်မြှောက်စားထားသဖြင့် မည်သို့မျှ မတက်သာပေ။
အလောင်းစည်သူ အမည်တွင်သော မဏိစည်သူမင်းသည် ရွှေစက်တော်ဘုရားဖူးပြီး အပြန်ခရီးဝယ် မြစေတီဘုရားတည်ခဲ့သော နေရာတွင် ရပ်တန့်နားသည်။ဘုရား၏ အနောက်ဘက်တွင်ကပ်လျက်ဆောက်လုပ်နေထိုင်ကြသော လူနေအိမ်ခြေများသည် ဘုရားငြမ်းအတွက် ကုန်ကျသော ငွေပါး၊ လုပ်အားများကို တာဝန်ယူကာ ဆောက်လုပ်နေကြသည်။ထိုလုပ်သားများကို ကြည့်၍ ဘုရင်သည် ကြည်နူးနှစ်သိမ့်ကာ အထွက်အမြက် မင်္ဂလာယူနေသော အချိန်ဖြစ်သည်။
ထိုအချိန်ဝယ် ဘုရင်မြတ်နိုးသော ချင်းပျိုဖြူငယ် မိဖုရားသည် ဖောင်တော်ဦးတွင် ဦးခေါင်းလျှော်ခြင်း ပြုလေသည်။ဘုရားတည်နေသော မင်္ဂလာ ကာလဝယ် ဖောင်တော်ဦး၌ ခေါင်းလျှော်ခြင်းကို မလိုတမာ အမျက်ဖွဲ့ထားသော မိဖုရားတို့၏ မြှောက်ပင့်သွေးထိုးမှုကြောင့် မှူးမတ်တို့သည် အပြစ်ကိုချဲ့၍ ဘုရင်အားလျှောက်ထားကြသည်။ ဖောင်တော်ဦးသည် ဘုရင်အလေးအမြတ်ထားရာ ဖြစ်သည့် အလျောက် ဖောင်တော်ရပ်တန့်ရာ အရပ်အသီးသီး၌ ဖောင်တော်ဦးဘုရားများတည်ခဲ့သည့်အားလျော်စွာ ထိုဘုရားများကိုလည်း ဖောင်တော်ဦးဘုရားဟု အမည်တွင်စေခဲ့သည်။ ထိုကြောင့် ဘုရင်သည် ဖောင်တော်ဦးဝယ်ခေါင်းလျှော်မိသူ ချင်းမိဖုရားအား သတ်ရန် အမိန့်ပေးခဲ့သည်။ ဘဝလှခဲ့ သော ချင်းမိန်းမငယ် မဝါဘောက်သည် အကြောင်းကံမလှဘဲ မြန်းမာနန်းတွင်းအစဉ်အလာဒဏ်ကို သနားစဖွယ်ခံခဲ့ရသည်။
ချင်းမိဖုရားကွယ်လွန်၍ ဘုရင်သည် စိတ်နှလုံးမသာမယာဖြစ်ပြီး မြစေတီဘုရားကို အပြီးတိုင် အလျင်အမြန် ဆောက်လုပ်လှူဒါန်း၍ နေပြည်တော်သို့ ပြန်ရန် စီမံကြသည်။ ဖောင်တော် စထွက်သည့် အခါ စေတီအနီးမှ ထွက်ခွာမရသဖြင့် ဖောင်တော်သည် ရေအောက်ကျက်ဆူး အမှိုက်များ တားဆီးနေ၍ ရပ်တန့်နေသည်ဟု ထင်မှတ်ကာ ခရီးလမ်းခရီးဖြောင့်ဖြူးသာယာမှုအတွက် ကျက်ဆူးအတားအဆီးများ ကင်းလွတ်စေရန် အဓိဌာန်ပြုလျက် ကျက်ဆူးဘုရားတည်ခဲ့သည်။ထို ကျက်ဆူးဘုရားသည် မြစေတီဘုရား၏အနောက်တောင်ထောင့်တွင် တည်ထားခဲ့သည်။
ကျက်ဆူးဘုရား လှူဒါန်းတည်ဆောက်ပြီး ဖောင်တော်ထွက်တော်မူသည့် အခါ၌လည်း ဖောင်တော်သည်မရွေ့လျားဘဲ ရှိနေပြန်သည်။ ဘုရင်ကိုယ်တိုင် ဖောင်တော်ရပ်ခြင်းအကြောင်းကိုရှာသော် သေလွန်ခဲ့သော
ချင်းမိဖုရားကို မြင်တွေ့ရသည်။ မိဖုရားသည် နတ်စိမ်းဖြစ်ခဲ့ပြီး ဘုရင်မင်းမြတ်ထံ အပိုင်းစားပေးရန်တောင်းခံခြင်းဖြစ်သည်။ ထိုအခါ ဘုရင်သည် ဘုရား၏ အနောက်တောင်ထောင့်တွင် နတ်ကွင်းဆောက်လုပ် ပေးသနားခဲ့သည်။ကွန်းတော်ကို မှီ၍ အနောက်နန်းမိဖုရားအဖြစ် နေထိုင်စေသည်။ နတ်ကွန်းကိုစောင့်ရှောက်သော ရွာကို ''ကွန်းစောင့်ရွာ"ဟု အမည်ဆိုခဲ့သည်။
အလောင်းစည်သူမင်းနှင့် ချင်းမိဖုရား မဝါဘောက်တို့ကို အခြေခံ၍ ဖြစ်ပေါ်လာသော ''ကွန်းစောင့်ရွာ"သည် နောင်ကာလ ရွေ့လျားလာသောအခါ ''ကုန်းဇောင်းရွာ" ဖြစ်လေသည်။''ကွန်းစောင့်"မှ ''ကွန်းစောင်း"၊ ''ကွန်းစောင်း"မှ တဖန် ''ကုန်းဇောင်း" ဖြစ်လာရသည်။မြစေတီဘုရားနှင့် ကုန်းဇောင်းသည် မူလက ကမ်းခြေရေစပ်ဖြစ်သေည်လည်း နောင်တွင် မြစ်သည် ရွေ့လျားပြီး ကုန်းမြေဖြစ်ပေါ်လာသည်။ ထိုကြောင့် ''ကွန်း"ဝေါဟာရမှ ''ကုန်း"ဝေါဟာရသို့ ပြောင်းလဲခေါ်ဆိုဟန် တူသည်။ ''ဇောင်း"ဟူသော ဝေါဟာရသည် 'စ'နှင့် 'ဇ'ဒုတိယဝဂ်ခြင်း တူညီသောကြောင့် စလုံးနေရာတွင် ဇကွဲကို ပြောင်းလဲဟန်တူသည်။ သို့တည်းမဟုတ် ရှေးလူကြီးများက ကုန်းစောင်းဟုစလုံးနှင့် ရေးသားရမည်ကို ဇကွဲနှင့် ခေါ်ဝေါ်ရေးသားကြဟန်တူသည်။မည်သို့ပင် ဖြစ်စေ ကွန်းစောင့်မှ ကုန်းဇောင်း အဖြစ် ပြောင်းလဲခေါ်ဝေါ်ခြင်းကြောင့် ကုန်းဇောင်း ဖြစ်ပေါ်လာရသည်။
ကွန်းတော်ကို စောင့်ရသောရွာသော ကွန်းစောင့်ဟု ခေါ်ဆိုရသည့်နည်းတူ မြစေတီဘုရားငြမ်းအတွက် တာဝန်ယူရသော ရွာကို 'ငြမ်းခံ'ရွာဟု အမည်ပေး၍ နောင်အခါတွင်' ညံဂံ'ရပ်ကွက်ဟု ခေါ်ဝေါ်ကြသည်။ ရွာကြီးတစ်ရွာလုံးကို ကွန်းစောင့်ဟု ခေါ်ဆို၍ ဘုရားနှင့်ကပ်နေသော ရပ်ကွက်ကို ညံဂံ ဟု ခေါ်ဆို ခဲ့ခြင်းဖြစ်သည်။ညံဂံရပ်ကွက် ကိုယခုအခါ သူဌေးတန်းဟု ပြောင်းလဲခေါ်ဝေါ်၍ အလောင်းစည်သူမင်း တည်ထားစဉ်က ဘုရားနှင့်ကပ်လျက်ရှိသော ညံဂံ ရွာသည် ယခုခေတ် ဘုရားမြောင်းဘောင်နှင့် ပေ၂၀၀၀ခန့်ကွာဝေးလာခဲ့သည်။
နတ်ကွန်းသည် မြစေတီနှင့် ပေ၂၀၀၀ခန့် ကွာဝေးသည်။မြစေတီဘုရားနှင့် နတ်ကွန်းတည်စဉ်က မြောင်းဘောင်းကြီးမရှိခဲ့ပေ။ကုန်းဇောင်းရွာသူရွာသားများ မိုးကျမှ လယ်ယာများစိုက်ပျိုးခဲ့ကြရသည်။အင်္ဂလိပ်ခေတ်တွင် ရခိုင်ရိုးမနှင့် ရွှေစက်တော်ကို ရံဆိုင်းနေသော တောင်ကိုးတန်တို့မှ ရေများကို အိုင်းမအရပ်တွင် စုဆောင်း ဆည်းခံခဲ့သည်။ထိုဆည်ကြီးကို အိုင်းမဆည်ဟုဆို၏။အင်္ဂလိပ်ခေတ် ဘုရားရှင်၏သုနာပရန္တတိုင်းကို ဆည်းမြောင်းများပြုလုပ်ရေပေးသဖြင့် နတ်ကွန်းနှင့် မြစေတီဘုရား အကြားတွင် ဆည်းမြောင်းကြီး ဖြစ်ပေါ်ခါခဲ့သည်။မြစေတီဘုရား၏ အနောက်ဘက်တွင် ဘုရားတန်ဆောင်းနှင့်ကပ်၍ နတ်ကွန်းတစ်ဆောင်တည်ထားသည်။ဆည်မြောင်းဖောက်လုပ်ပြီးမှ တည်ထားသော နတ်ကွန်းဖြစ်၍ အလောင်းစည်သူမင်းကြီး၏ အနောက်နန်းမိဖုရားနတ်ကွန်း မဟုတ်ပေ။ဂန့်ဂေါနယ် တောင်ပုံတောင်ညာမှ မယ်တော်ကြီး အမေမြင့်ခေါင်နတ်ဟု ဆိုကြသည်။ထိုနတ်ကွန်းသည် ကုန်းဇောင်းသမိုင်းနှင့် ဆက်နွယ်မှု မရှိပေ။
ကုန်းဇောင်းသမိုင်းနတ်ကွန်းသည် အလောင်စည်သူမင်းကိုယ်တိုင် တည်ခဲ့ခြင်းဖြစ်၍ ကုန်းဇောင်းသူ ကုန်ဇောင်းသားတို့ အလေးအနက် ယုံကြည်ကြရာ ဝါဝင်ဝါထွက်တွင် နတ်ဂန္နားပေးခြင်း၊ ပွဲလမ်းသဘင် ပြုလုပ်သည်ဖြစ်စေ၊ရှင်ပြုနားသမင်္ဂလာ ၊ ထိမ်းမြားမင်္ဂလာပြုလုပ်သည် ဖြစ်စေ နတ်ကွန်းသို့ သွားရောက်ပသကြရသည်။ ကုန်းဇောင်းသမိုင်းနှင့် ပက်သက်၍ စက်တော်ရာဘုရားကျောက်စာတွင် အလောင်းစည်သူမင်း၏ အလှူတော်များကို သိရ၍ ညံဂံအရှေ့ရှိ ၂၅ပယ်ကို မြစေတီဘုရားအတွက် လှူခဲ့ကြောင်းတွေ့ရသည်။၁၁၅၅ခုနှစ် ကျောက်ထက်အက္ခရာ တင်သော သရကွန်ကျောင်းတော်ရာဘုရားကေ်ာက္စာ တြင္.....
တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းများသခင်ရှင်ြဖူရှင်
သီရိပဝရ ဝိဇရ အန္တယသ........
အရှေ့ဆုန်ကုန်ကသည် ပင်တုန်းရွာ တောင်ထောင့်ကသည် မုန်း အနောက်ကူး မုန်းကောက်လျှင် ကောက်လိုက် မြီးဖျန်းအနောက် မုန်းအကူးနယ်မြေတော် ၁၅၀၀၀ တည်း။
စလင်းအရပ် ၃လည်တော်မြေ အပယ်၆၀၊ စေတီတောင်ဘက်သင် တွဲယင်းမနားမြေတော် အပယ် ၁၀၀ မုန်းမြောက်ဘက် ကွန်းစောင့်ရွာနှင့် အတူ တကြည်လယ် ၃၀ ပယ်၊ မစ္ဆဂီရိမည်သော ပြည်အောက် နမရန်ရွာဒ် ၆၀ ပယ်.........လယ်ကိုင်းအနောက်တောင် မုန်းမရိုး၊ မြောက်မုန်းမရိုးလယ် အပယ် ၁၀၀တည်း။
ကျွန်းသီးတောင် အပေါင်းတို့၏ အကြီးလယ်နှစ်ယောက် ထားတောိမူ သတည်း။ဤသို့ မှတ်သားပိုင်းခြားလျက်သော လယ်ကိုင်းအရပ်၌ သရကွန်းကျောင်းတော်နှင့် အတွင်းကျောင်းတော်ရံ ၅၅၊ အပြင်ကျောင်းတော်ရံ၉၉၊ ဝတ္တကံ မြေကျွန်းသီးတော်များတွင် ကျောင်းတော်ရာ၊ ဝန်းကျင်ရွာမြေ ၊မုန်းတဘက် ကွန်းစောင်းရွာမြေများသည် လှူရင်းအတိုင်း အပေါ်ဝန် အကောက်အစားတရာ ကွမ်းဖိုးနှင်အကွတိုင်အပမြေအရပ် ကျွန်းသီးတော်များမှာ မြေဆီမြေခွန်ဖြစ်သော ဒသဘဝဂ ကပ္ပိယလယ်အမှု ကမ္ဗ
ကိုစောင့်ရှောက် ရွက်ဆောင် ခြင်းဖြင့် သာသနာတော်မြတ်အား ကျေးဇူးများလျက် မရောမယှက် တည်ပစေ ဟူ၍ သမ္မာ သမ္မောမိ သဗ္ဓညု ဘုရားစုကို ပန်ဆင်တော်မှုသည့် အတိုင်း သက္ကရာဇ် ၁၁၄၇ ခု သီတင်းကျွတ် လပြည့်ကျော် ကိုးရက် ၅တေးနေ့ နံနက် ၄ချက်တီးကျော် ၃နာရီ ၁ပါတ် ၈ယူဇနာ ပြန်ပြည့် ခရာပြည့်တွင် အမရပူရ ရွှေမြို့တော်ကြီးသည် ရွှေနန်းသခင် ဆင်ဖြူရှင်များရှင် အရှင်ဘဝရှင်မင်း တရားကြီးဘုရား ရွှေခရားနှင့် ရွှေစက်သွန်းခါ ကျောက်စာမော်ကွန်း အသစ်ထူလျက် ဆင့်၍ လှူတော်မူ ပြန်သတည်း။
စသည်ဖြင့် ကုန်းဇောင်း၏ အရှေ့ဘက်အရပ် ပင်တုံရွာ(ပင်းတုန်း) ရွာရှိကြောင်း၊ မုန်းမြောက်ကုန်းဇောင်းအရပ်ရှိ လယ်များကို လှူဒါန်းထားကြောင်း ကျောက်စာတွင် ကွန်းစောင့်ရွာဟု ရေးသားထားကြောင်း တွေ့ရှိရသည် ။ ကုန်းဇောင်ရွာကို တည်စက ငြမ်းခံနှင့် ကုန်းဇောင်းအရပ် နှစ်ခုသာရှိခဲ့သော်လည်း မကြာမီ လှူနေအိမ်ခြေတိုးလာပြီး ကုန်းဇောင်းတောင်ဘက်တွင် ရပ်ကွက်သစ်တစ်ခု ဖြစ်လာသည်။ ထိုအရပ်ကို 'ရွာသစ်'ဟု အမည်ပေးခဲ့သည်။ ထို့ကြောင့် 'ကုန်းဇောင်းသုံးမြေစုံ' ဟူသော ဝေါဟာရကို ယနေ့တိုင် သုံးစွဲနေကြသည်။ ယနေ့ ကုန်းဇောင်းမြေသည် ဆည်မြောင်းကို အမှီသဟဲပြု၍ လယ်ယာမြေစီးပွားရေးလုပ်ကိုင်ကြခြင်း၊ သာသနာ့နယ်မြေဖြစ်သည့် အားလျော်စွာ သာသနာ့အကျိုးဆောင်လုပ်ငန်းများ နှစ်စဉ်မပျက် ဆောင်ရွက်ကြခြင်း စသည့် တိုးတက်ပြောင်းလဲမှုများနှင့်အတူ ထူးချွန်သော အသိပညာရှင်၊ အတက်ပညာရှင်များ၊ အားကစားသမားကောင်းများ၊အနုပညရှင်များ ပေါ်ထွန်းနေပြီ ဖြစ်သည်။ပွင့်ဖြူမြို့နယ်အတွင်းတွင် ရှိသော်လည်း လူနေမှုအဆင့်အတန်းမြင့်နေပြီဖြစ်သဖြင့် နိုင်ငံတော်အနေနှင့် အဘက်ဘက်မှ ကူညီအားပေးမည်ဆိုလျှင် မြန်မာနိုင်ငံ အတွက် အရေးပါသော စီးပွားရေးနယ်မြေတစ်ခု ၊ သာသနာရေး ဖွံ့ဖြိုးရာနယ်မြေတစ်ခုအဖြစ်သို့ ဆထက်ထမ်းပိုးတိုးတက်လာမည်ဖြစ်သည်။
ဦးမြတ်အောင်
(ဘီအီးဒီ၊ ကုန်းဇောင်း)
အ .ထ.က ကုန်းဇောင်း နှစ်၁၀၀ပြည့် မဂ္ဂဇင်းမှ ကူးယူးထားခြင်းဖြစ်သည်။
အခုလိုကိုယ်ရပ်ဌာနေသမိုင်းအား တင်ပြပေးတဲ့အတွက်ကြေးဇူးတင်ပါတယ်ခဗျာ
ReplyDeleteအခုလို သိရှိရတဲ့အတွက် ကျေးဇူးပါရှင့်
ReplyDelete